ဘိုးဘွားပိုင် မြို့မြေ ၏ ရာြဖတ်
13-Aug-21

ဘိုးဘွားပိုင် မြို့မြေကို သားသမီးတွေက မိမိတို့အမည်ပေါက် အမွေဆက်ခံတဲ့အခါ ရာဖြတ်က သတ်မှတ် ထားတဲ့ မြေတန်ဖိုးရဲ့ဘယ်နှစ်ရာခိုင်နှုန်းကို ပေးဆောင်ရပါသလဲ ။ ရာဖြတ်က ဘယ်လိုစံနှုန်းနဲ့ သတ်မှတ်သလဲ ဆိုတာကို ရှင်းပြပေးပါဆရာ ။
====================
မေးခွန်းကို သိပ်မရှင်းပါ။ မည်သည့်နည်းဖြင့် အမွေဆက်ခံမှာလဲ၊ အမွေပုံခွဲဝေမှုလား၊ သားချင်းတစ်စု စီမံမှုလား၊ ခွဲဝေပေးကမ်းခြင်းနဲ့လား ဆိုတာကို ဖေါ်ပြမထားပါ။ သူမေးချင် တာက မြို့မြေ မြေတန်ဘိုးကို ဘယ်လိုစံနှုန်းတွေနဲ့ သတ်မှတ်တာလဲ..၊ သတ်မှတ်သည့် မြေတန်ဘိုး၏ ဘယ်နှစ်ရာခိုင်နှုန်းကို (အခွန်တံဆိပ်ခေါင်း နှင့် မှတ်ပုံတင်ခ) အတွက် ပေး ဆောင်ရသလဲလို့ မေးခြင်း ဖြစ်မယ်ထင်ပါတယ်။
မြေတန်ဘိုးကို သတ်မှတ်သည့်အခါ ဘိုးဘပိုင်မြေ၊ ဂရန်မြေ၊ ပါမစ်မြေ၊ လိုင်စင်မြေရယ်လို့ အမျိုးအစားခွဲခြင်းထက် မြေတည်ရှိရပ်ကွက်၊ လမ်းအခြေအနေ၊ မြေအနိမ့်အမြင့်၊ လမ်းမ၊ လမ်းကျယ်၊ လမ်းသေး၊ လမ်းမွှာ၊ ကတ္တရာလမ်း၊ ကွန်ကရစ်လမ်း၊ မြေလမ်း၊ လမ်းရှိ အဆောက်အအုံများ၏ အခြေအနေ၊ ပတ်ဝန်းကျင်အခြေအနေ၊ စီးပွါးရေးဖွံ့ဖြိုးမှု နယ်မြေ၊ ဆက်သွယ်ရေးလမ်းကြောင်း၊ မြို့ပြဖွံဖြိုးမှု အခြေအနေ၊ စသည်တို့အပေါ် သုံးသပ်ပြီး ဇုံနယ် များ ခွဲရပါတယ်။ ရပ်ကွက်လိုက် လမ်းအလိုက် ဇုံနှုန်းများ သတ်မှတ်ရပါတယ်။ တစ်စတု ရန်းပေလျှင် မည်မျှ စသည်ဖြင့်ပေါ့။ လေ့လာချင်ပါက ရန်ကုန် ပန်းဆိုးတန်း လမ်းဘေးမှာ ရန်ကုန်မြို့တော်၏ မြို့နယ်အလိုက်၊ ရပ်ကွက်အလိုက်၊ လမ်းအလိုက် ဇုံအလိုက် တန်ဘိုးနှုန်း စာရင်းများ ထုတ်ပြန်သတ်မှတ်ထားသည့် စာအုပ်ကို အလွယ်တကူ ဝယ်ယူ ရရှိနိုင်ပါတယ်။ အခြားမြို့များမှာလည်း ထိုကဲ့သို့ ဇုံနှုန်းမြေတန်ဘိုးများကို ပြုစု ထားရပါတယ်။ ဘာကြောင့် မြေတန်ဘိုး ဖုံနယ်လိုက် ရပ်ကွက်လိုက် လမ်းအလိုက် ဆောင်ရွက် ထားရလဲဆိုလျှင် မရွှေ့ မပြောင်းနိုင်သော ပစ္စည်းများ ရောင်းဝယ် လွှဲပြောင်းမှုများမှာ တန်ဘိုး စိစစ်ရသည့် ကာလ တန်ဘိုး စိစစ်သတ်မှတ်ရေးအဖွဲ့များ (တ.စ.ဖ အဖွဲ့များ) ထံ တင်ပြရောက်ရှိလာတဲ့ မြေ အလွှဲ အပြောင်း စာချုပ်များအတွက် ထမ်းဆောင်ရမည့် တံဆိပ်ခွန်နှင့် အခြား အခွန်များအတွက် ယင်းစာရင်းကို အခြေခံပြီး သတ်မှတ်နိုင်ရန် ဖြစ်ပါတယ်။ ရှေ့တွင် အရောင်းအဝယ်ပြုခဲ့သည့် မှတ်တမ်းများအရလည်း ဇုံတန်ဘိုးကို ပြုပြင် ပြောင်းလဲ ပေးရပါတယ်။ တသမတ်တည်း အသေ မဟုတ်ပါဘူး။ ဒါက တန်ဘိုးဖြတ်မှု ဖြစ်ပါတယ်။
ဘိုးဘပိုင်မြေကို အမွေဆက်ခံမှုအတွက် မြေတန်ဘိုး၏ ဘယ်နှစ်ရာခိုင်နှုန်းကို ပေးဆောင် ရမှာလဲ ဆိုတော့ တံဆိပ်ခေါင်းခွန် အနေဖြင့် ပစ္စည်းခွဲဝေစာချုပ် ဆိုပါက တန်ဘိုး၏ ၁.၅ % နှင့် မိသားစုစီမံမှု စာချုပ်အတွက်ဆို တန်ဘိုး၏ ၁ % ဖြစ်ပါတယ်။ မှတ်ပုံတင်ခ အနေနဲ့ အမွေဆက်ခံခြင်းဆိုင်ရာ ပိုင်ဆိုင်ကြောင်း ကြေညာစာချုပ်လိုမျိုး ဆိုလျှင် ၃၀၀ဝိ ကျပ် ဖြစ်ပါတယ်။ အမွေပုံပစ္စည်းစီမံခန့်ခွဲမှု၊ သားချင်းတစ်စု စီမံခန့်ခွဲမှု နဲ့ ပေးကမ်းခြင်း ဆိုလျှင်တော့ တန်ဘိုး၏ (ဝ.၅) % ဖြစ်ပါတယ်။
#DVBlawlab #DVBtvnews #ရာဖြတ် #အခွန် #တံဆိပ်ခေါင်းခွန်