"လူနေထိုင်ခွင့်ပြုထားသည့် လယ်ယာမြေများကို ပြန်လည် သိမ်းယူနိုင်ပါသလား"

"လူနေထိုင်ခွင့်ပြုထားသည့် လယ်ယာမြေများကို  ပြန်လည် သိမ်းယူနိုင်ပါသလား"

"လူနေထိုင်ခွင့် ပြုထားသည့် လယ်ယာမြေများကို 
  ပြန်လည် သိမ်းယူနိုင်ပါသလား"
''မြေချပါမစ်နဲ့ ချပေးထားတဲ့ လယ်ယာမြေကို နိုင်ငံတော်အစိုးရက ပြန်လည် သိမ်းနိုင်ပါသလား ဆရာ''
မိတ်ဆွေစီးပွားရေးသမား တစ်ဦးက စာရေးသူထံ လာရောက် ဆွေးနွေးခြင်း ဖြစ်သည်။


''ပြန်သိမ်းမယ်လို့ သတင်းကြားလို့လား''
''ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးမှာ နိုင်ငံတော် အဆောက်အအုံနဲ့ မြေကွက်တွေကို လုပ်ငန်း လုပ်ကိုင်ဖို့ နည်းအမျိုးမျိုးနဲ့ ရယူထားပြီး အမှန်တကယ် လုပ်ကိုင်ခြင်းမရှိတဲ့ မြေကွက်နဲ့ အဆောက်အအုံတွေကို နိုင်ငံပိုင်အဖြစ် ပြန်လည်သိမ်းယူဖို့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက အဆိုတင်သွင်းတယ်လို့  ကြားသိရလို့ပါ''


''ဒါနဲ့ မိတ်ဆွေကြီးလည်း စိတ်လှုပ်ရှား စိုးရိမ်သွားတယ်ပေါ့''''ဆိုပါတော့ ဆရာရယ်။ 
အမှန်တကယ် ပြန်လည် သိမ်းခဲ့ရင် ကျွန်တော်တို့ ဝယ်ထားတဲ့ သူတွေ ဘယ်လို အခွင့်အရေး ရနိုင်ပါသလဲ။ 
ဥပဒေ အရ အခွင့်အရေးရှိ မရှိ သိချင်လို့ပါ''
''အခုထိတော့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က ဆုံးဖြတ် အတည်ပြုတာတော့ မရှိသေးပါဘူး။  ဆွေးနွေးဆဲပဲ ဖြစ်ပါတယ်။ 
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာတော့  နိုင်ငံတော်ရှိ မြေအားလုံး ၊ မြေပေါ်မြေအောက် ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သယံဇာတ ပစ္စည်းအားလုံး၏  ပင်ရင်း ပိုင်ရှင်သည် နိုင်ငံတော် ဖြစ်သည်လို့ ပြဋ္ဌာန်းထားတယ်။ 


ဒါကြောင့် မည်သည့်အချိန်မဆို ပင်ရင်းပိုင်ရှင် ဖြစ်တဲ့ နိုင်ငံတော်က ပြန်လည် သိမ်းယူခွင့် ရှိပါတယ်''
''ဒါဆို ပြန်လည် သိမ်းယူနိုင်တယ် ပေါ့နော်''
''ဒါပေမယ့် ဥပဒေနဲ့အညီ ဆောင်ရွက်မှာ ဖြစ်တဲ့အတွက် စိုးရိမ်ရမယ့် ကိစ္စတော့ မဟုတ်ပါဘူး။ 
မိတ်ဆွေကြီး ဝယ်ထားတယ်ဆိုတဲ့ လယ်ယာမြေတွေက ဘယ်မှာလဲ ၊ ဘယ်လို အထောက်အထား ရရှိထားပါသလဲ''
''ရှင်းရှင်းပြောရရင်တော့  လှိုင်သာယာမြို့နယ်ထဲမှာ ရှိတဲ့  လယ်ယာမြေတွေပါဆရာ။ 


လယ်ယာမြေတွေကို နိုင်ငံတော်က သိမ်းပြီး အကွက်ရိုက် ရောင်းချကာ မြေချပါမစ် ထုတ်ပေးတဲ့ အထိ ဆောင်ရွက်ပေးတာ ဖြစ်တယ်''
''သက်ဆိုင်ရာ အဖွဲ့အစည်းက လယ်ယာမြေကို အခြားနည်း အသုံးပြုခွင့်ပေးနိုင်ကြောင်း လယ်ယာမြေ ဥပဒေမှာ ပြဋ္ဌာန်း
ထားတာ ရှိတယ်။  လူအများသိနေတဲ့  ပုံစံ ၃ဝ ( က ) ( ခ ) ပေါ့ဗျာ။ အဲဒီကနေ ပုံစံ ၁၅ ခွင့်ပြုချက် ထုတ်ပေးပြီး အဲဒီအဆင့်ကနေ 
မြေချပါမစ်၊  ဂရန်စသဖြင့် ဆောင်ရွက်ပေးခွင့် ရှိပါတယ်''
''ဟုတ်ပါတယ် ဆရာ ၊ အချို့ မြေကွက်တွေဆိုရင် ဂရန်ကျပြီး ဖြစ်နေတာ ရှိတယ်''
''ဂရန်ရပြီမို့ ဒီမြေကွက်ကို အပြီးအပိုင် ပိုင်ဆိုင်ခွင့်ရပြီလို့ သတ်မှတ်မရဘူး။ 
 ဂရန်စာချုပ်ဆိုတာ မြေငှားစာချုပ်ပဲ ဖြစ်တယ်။ အဆောက်အအုံဆောက် နေထိုင်ဖို့ အတွက် နှစ် ၆ဝ ၊ နှစ် ၉ဝ စသဖြင့်  မြေငှားစာချုပ် ထုတ်ပေးတာ ဖြစ်တယ်''


''ဒါဆိုရင် မြေဂရန် အမည်ပေါက်သူက မြေပိုင်ရှင် မဟုတ်ဘူးပေါ့''
''ဥပဒေအရ ပြောရရင်တော့ နိုင်ငံတော်အစိုးရက မိမိ စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ မြေနယ်နိမိတ်ကို အခြားသူအား လွှဲပြောင်းပေးခွင့် ရှိပါတယ်။ 
ဒါကြောင့် မြေငှားဂရန် အရပဲ ဖြစ်ဖြစ် ၊ ပါမစ်မြေအဖြစ် သတ်မှတ်၍ပဲဖြစ်ဖြစ် စီမံခန့်ခွဲခွင့်ကို လွှဲပြောင်းပေးတဲ့ သဘောဖြစ်တယ်''
''တရားရုံးတွေမှာ တရားစွဲဆိုရင် မြေဂရန် အမည်ပေါက်သူက ပိုင်ရှင်အဖြစ် တရားစွဲဆိုကြတာလို့ သိထားပါတယ်''
''မှန်ပါတယ်။ 


           ဥပဒေအရတော့ ဂရန်အမည်ပေါက်သူကို မြေမပိုင်ဟု ဆုံးဖြတ်ခွင့်မရှိကြောင်း တရားရုံးချုပ်က ဆုံးဖြတ်တဲ့ ဒေါ်ကြင်ယုံ (ခ) ဒေါ်နှင်းအောင်ပါ (၂) နှင့် ဒေါ်စိန်တင်ပါ (၂) ၁၉၉၉ ခုနှစ် စီရင်ထုံး စာမျက်နှာ ၉၁ မှာ တွေ့ရှိ ရပါတယ်။ ဒါကြောင့် ဥပဒေအရတော့ 
ဂရန် အမည်ပေါက်သူဟာ ယင်းမြေကို စီမံ ခန့်ခွဲပိုင်ခွင့် ရှိသူ (ပိုင်ရှင်) လို့ အသိအမှတ် ပြုထားပါတယ်။ ဒါပေမယ့်  မြေငှားစာချုပ်ပါ ကတိတွေကိုတော့ လိုက်နာရန် တာဝန် ရှိတယ်''
''အချို့လည်း ဂရန်မရသေးဘဲ ပါမစ်လက်မှတ်သာရှိတာ တွေလည်း ဖြစ်နေကြတယ်''
''ဘယ်လိုပဲဖြစ်ဖြစ်၊ သတ်မှတ်ထားတဲ့ စည်းကမ်းကို လိုက်နာရန် တာဝန်ရှိတယ်။ 
အခုဖြစ်နေတဲ့ ပြဿနာက မြေချပါမစ်ရသူပဲ ဖြစ်ဖြစ် ၊ ဂရန်စာချုပ်ရသူပဲ ဖြစ်ဖြစ် ၊ အဆိုပါ မြေကွက်ပေါ်မှာ ဆောက်လုပ်နေထိုင်ခြင်း မရှိဘဲ မြေကွက်သက်သက်ထားတဲ့ ကိစ္စတွေဖြစ်တယ်''
''ဟုတ်ပါတယ်။ ကျွန်တော့်မှာ မြေကွက် ၁ဝ ကွက် ရှိပေမယ့် နှစ်ကွက်ပဲ အဆောက်အအုံ ဆောက်ထားပြီး ပစ္စည်း သိုလှောင်ထားတယ်''


      ''မိတ်ဆွေတို့ရဲ့ ဂရန်မြေငှား စာချုပ်မှာ စာချုပ်ချုပ်ဆိုသည့်နေ့မှ ခြောက်လအတွင်း အဆောက်အအုံ စတင်ဆောက်လုပ်ရမယ် ၊ 
နှစ်နှစ် အတွင်း အပြီး ဆောက်လုပ်ရမယ်လို့ သတ်မှတ်ချက် တွေပါတယ်။ အဲဒီလိုပဲ မြေချပါမစ်မှာလည်း အိမ်ရာဆောက်လုပ်
နေထိုင်ခွင့်ပြုတာ ဖြစ်လို့ မြေလက်ခံရရှိသူ သည့်နေ့မှစ၍ ( တစ်လ ) အတွင်း အိမ်ရာဆောက်လုပ် နေထိုင်ရမယ်လို့ 

စည်းကမ်းချက်မှာ ဖော်ပြထားတာ တွေ့ပါလိမ့်မယ်''


''သတ်မှတ်တဲ့ ကာလအတွင်း အဆောက်အအုံ ဆောက်လုပ် နေထိုင်ခြင်းမရှိရင် မြေကွက်ကို ပြန်လည် သိမ်းယူနိုင်ပါသလား''
''စည်းကမ်းချက်မှာတော့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်ကို မလိုက်နာရင် ဂရန်မြေငှား စာချုပ်ကို ပယ်ဖျက်နိုင်တဲ့ အပြင် မြေကွက်ကို ပြန်လည် သိမ်းယူခွင့်ရှိတယ်လို့ ဖော်ပြထားတယ်။ ဒီလိုပဲ မြေချပါမစ်မှာ ဖော်ပြထားတာကို  တွေ့ရပါတယ်။ 
ဒါကြောင့် နိုင်ငံတော်က ဥပဒေ စည်းကမ်းနဲ့ မလိုက်နာသူတွေကို ထိရောက်စွာ စီစစ်ဆောင်ရွက်ခွင့် ရှိပါတယ်''
''တကယ်လို့ ပြန်လည် အသိမ်းခံရရင် နစ်နာကြေး ရနိုင်ပါသလား''


''ဒါကတော့ သက်ဆိုင်ရာ အဖွဲ့အစည်းက ဆုံးဖြတ်ရမယ့် ကိစ္စဖြစ်ပါတယ်။ 
လယ်ယာမြေဥပဒေ ပုဒ်မ (၂၆) မှာတော့ တည်ဆဲဥပဒေ တစ်ရပ်ရပ်တွင် မည်သို့ပင် ပါရှိစေကာမူ နိုင်ငံတော်အကျိုးငှာ ၊ အများပြည်သူ အကျိုးငှာ သိမ်းခြင်း ဖြစ်တယ်ဆိုရင်တော့ နစ်နာသူကို ထိုက်သင့်တဲ့ လျော်ကြေးပေးရန် ဆောင်ရွက်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်''
"ကျွန်တော်တို့လည်း မြေကွက်အားလုံးမှာ အဆောက်အအုံ မဆောက်နိုင်သေးတော့ မြေကွက် အတိုင်းထားတာတွေလည်း ရှိတယ်ပေါ့၊ 


အချို့မြေကွက်တွေကိုတော့ခြံစည်း ရိုးခတ်ထားပါတယ်''
''မှန်ပါတယ် ၊ အဆောက်အအုံ မဆောက်ဖြစ်တဲ့ မြေကွက်တွေမှာ ကျူးကျော်နေထိုင်သူ တွေလည်း ရှိနေတတ်လို့ အမှုအခင်းတွေ ဖြစ်နေကြတာ မနည်းပါဘူး။ ဒါကြောင့် သက်ဆိုင်ရာက ပြန်လည် စဉ်းစားတာဖြစ်မယ် ထင်တယ်။

 
ဘာပဲဖြစ်ဖြစ် စည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်တာ အကောင်းဆုံးပါ'' ဟု အကြံပြု ဆွေးနွေးလိုက်ပါသည်။
ထီယု (ဥပဒေအတိုင်ပင်ခံ)

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate